Tuesday 27 November 2012

အွန်လိုင်းမှ လမ်းဘေးကဖေးဆီသို့ အပြန်


နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ရွှေလင်းယုန်က
ပေါ့ဆိမ့် မနွေးတနွေးကို
တစ်ငုံချင်းသောက်
သီချင်းလေး ခပ်တိုးတိုးညည်း
တွေးချင်ရာတွေး
ဆွေးချင်ရာဆွေးလို့
လမ်းဘေးကဖေးလေးဆီကို
ငါပြန်သွားတော့မယ်။


နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
မနက်အိပ်ယာနိုးလာတဲ့အခါ
နင့်အကြောင်းတွေးရင်း
ဝမ်းနည်းနေမှာကို
မစိုးရိမ်ပါနဲ့နော်
အစပ်တည့်တည့် မတည့်တည့်ပေါ့
ကိုယ်တိုင်ချက်ပြုတ်လို့
တစ်ခါတစ်လေလည်း
ငါ့ အမေရဲ့ စာရင်းတွေ
ကူတွက်ပေးလို့မို့
ငါ.. ဝမ်းမနည်းအားပါဟယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
နေ့လည်ခင်းတွေမှာ
ငါတစ်ယောက်တည်း
ပျင်းနေမှာကို
မစိုးရိမ်ပါနဲ့နော်
ကြမ်းတွေ အထပ်ထပ်တိုက်
တံမြက်စည်းတွေ လှဲကျင်းလို့
ခန်းဆီးလိုက်ကာနဲ့ အဝတ်တို့လညး
လျှော်ဖွတ်နေဦးမှာမို့
ငါ.. မပျင်းအားပါဘူးဟယ်။



နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ညနေခင်းတွေမှာ
ယောင်ချာချာဖြစ်နေမလားတွေးလို့
မစိုးရိမ်ပါနဲ့နော်
ငါစိုက်ထားတဲ့ ပန်းပင်လေးတွေ
ရေးလောင်းပေါင်းသင်ပြီးရင် ဖြစ်ဖြစ်
တစ်ခါတစ်လေလည်း
မြို့ပြင်ကို စက်ဘီးစီးထွက်ပြီးရင်ပဲ ဖြစ်ဖြစ်ပေါ့..
လမ်းဘေးကဖေးလေးမှာ
ငါ သွားထိုင်နေမှာမို့ပါ။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ညဘက်တွေဆို
တိတ်တိတ် ခိုး ငိုနေမလားတွေးလို့
မစိုးရိမ်ပါနဲ့နော်
လမ်းဘေးကဖေးလေးမှာ
ဘောလုံးပွဲကြည့်ရင်းဖြစ်ဖြစ်
တစ်ခါတစ်လေလည်း
တရားမှတ်လို့
ပျော်အောင်အိပ်ပါ့မယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ငါချစ်တဲ့ ကဗျာတွေနဲ့
ငါ သဘောကျတဲ့ ဘလော့တွေလည်း
မဖတ်နိုင်တော့တာ
စိတ်မကောင်းတဲ့အကြောင်း
ဘလော့ဂါတို့ကို
ငါ့ကိုယ်စား ပြောပေးပါဟယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
တစ်စက်စက်ကျနေတဲ့
ငါ့နှလုံးသွေးတွေကို
လူမသိအောင် အံခဲရင်း
ဟာသဆန်တဲ့ Comment တွေပေးလို့
ရယ်နေတဲ့ ငါ့ရယ်သံတွေက
ငါ့နားထဲမှာ
ငိုညည်းနေလို့ပါ။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ငါသဘောကျတဲ့
Flash Songs တွေ နားမထောင်တော့ပဲ
တစ်ပါတ်တစ်ခါတော့
မှန်မှန်လာပါဆိုပြီး မျှော်နေတဲ့
ငါ့သူငယ်ချင်းတွေရှိရာ
လမ်းဘေးကဖေးလေးက ဖွင့်တဲ့
သီချင်းတွေပဲ နားထောင်တော့မယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
အပြင်က အဖြူရောင်တွေကို
ပူလောင်တယ် ထင်မိလို့
အွန်လိုင်းပေါ်တက်ရှာရင်း
အူကြောင်ကြောင် အဖြူရောင်တွေအကြောင်း
အရှုံးမပေးနိုင်တဲ့ အာဃာတတွေအကြောင်း
နာကြည်းစွာ ကျမိတဲ့ မျက်ရည်တွေအကြောင်းကို
ဟာသအဖြစ်
ငါ့သူငယ်ချင်းတွေကို
ပြောဖြစ်အောင် ပြောပြပါဦးမယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
“နေနွယ်မ
သူများတွေ ဘာပြောပြော
ဟုတ်လားဆိုပြီး
ငြိမ်မနေနဲ့နော်
သေချာစစ်ဆေးပြီးမှ ယုံ
နောက်မှ နင်ရင်နာနေရဦးမယ်”လို့ ပြောတဲ့
ငါ့ကိုလေးစကားကို
နားမထောင်မိလို့
ငါ့ရင်တွေ ကွဲခဲ့ရတယ်ဆိုပြီး
ခပ်ပြုံးပြုံး မျက်နှာပေးနဲ့
ငါ့သူငယ်ချင်းတွေကို
ပြောပြရဦင်္းမယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
အဖေတစ်ယောက်
ကိုကြီး ကိုကို ကိုလေးနဲ့ မောင်လေးစက္ကူ
ချစ်တုံးငနလေးနဲ့ တူလေးအဆွေးလူ
သူငယ်ချင်းများစွာကို ချန်ထားပြီး
မသွားရက်ရက် အသွားခက်နေလည်း
မျက်စိစုံမှိတ်လို့
ငါ ထွက်သွားတော့မယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
ငါ့ ဝမ်းနည်းမှုတွေ အတွက်
တိုးဝင်စရာ ရင်ခွင်ရယ်မဲ့
မှေးမှီစရာ ပခုံးတစ်ဖက်လည်း
ရှာမတွေ့လို့ နှုတ်ဆက်ခဲ့ပြီ..
ငါ့ရင်ထဲက သံယောဇဉ်တွေ
ငါ့ နာကျင်မှုတွေ
ငါ့ အိပ်ပျက်ညတွေကို
အကြွင်းမရှိ
အကုန်ရှင်းလင်းဖို့
ငါ ထွက်သွားတော့မယ်။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
အရှုံးတွေ အမုန်းတွေ ပိုက်ပြီး
ပြန်သွားတဲ့ ငါ့ကို ကြည့်လို့
ဝမ်းနည်းမနေခဲ့ပါနဲ့ဟာ
“မိန်းမတံခွန် လူရည်ချွန်သည်
မိုးစွန်တမွတ် ကြယ်ကို ဆွတ်၏”ဆိုတဲ့
မိန်းမအမျိုးအစားမှာ ငါပါဝင်လို့
လဲကျခဲ့ရင်တောင်
မာန်ပြန်သွင်းကာ
ငါ့လမ်း ငါ့မှတ်တိုင်ဆီကို
အောင်မြင်စွာ
လျှောက်လှမ်းနိုင်မည့်သူမို့ပါ။

နေရစ်ခဲ့ပါတော့ အွန်လိုင်းရေ
အမုန်းလည်း မရှိ
အရှုံးလည်းမရှိတဲ့
ငါတို့ရဲ့ လမ်းဘေးကဖေးလေးမှာ
သူငယ်ချင်းတစ်စုနဲ့
တစ်ခါတစ်လေလည်း
ငါတစ်ယောက်တည်း
ရွှေလင်းယုန်က
ပေါ့ဆိမ့် မနွေးတနွေးကို
တစ်ငုံချင်းသောက်
သီချင်းလေး ခပ်တိုးတိုးညည်း
တွေးချင်ရာတွေး
ဆွေးချင်ရာဆွေးလို့
လမ်းဘေးကဖေးလေးဆီကို
ငါ ပြန်သွားပြီ....။
----------------------------------------------------
ခင်မင်လေးစားရပါသော
စောနန်းဒေဝီ

No comments:

Post a Comment