Friday 14 December 2012

မာနပြပွဲ

ခံစားချက်တွေ
ရေးချဖို့ရာ
စကားလုံးတော့
ရှာမတွေ့ခဲ့ဘူး
ဒါပေမယ့်
ငါ့ ရင်ထဲမှာတော့
စိမ်းကားရက်စက်ခြင်းတွေ
ဝမ်းနည်းမှုတွေ
နာကြည်းမှုတွေ
သံယောဇဉ်တွေ
အမုန်းတွေ
ဆွေးမြေ့ကြေကွဲခြင်းတွေ
ခြုံလွှမ်းထားတဲ့

နှလုံးသား တစ်ခုနဲ့
ငါ ကိုယ်တိုင် ခင်းကျင်းပြသမယ့်
သက်တမ်းရင့် မာန တစ်ချို့တစ်ဝက်တော့
ရှိနေခဲ့တယ်။
တစ်ဖက်သတ်စွပ်စွဲချက်လို့တော့
နင်မပြောနဲ့
တလှိုက်လှိုက်တက်လာတဲ့
မျက်ရည်တွေကို
အနိုင်နိုင် ထိမ်းထားရင်း
ငါကိုယ်တိုင် စစ်ဆေး အတည်ပြုခဲ့လို့ပါ။
သံယောဇဉ်တွေ ထုနဲ့ထည်နဲ့
ငါကိုယ်တိုင် တည်ဆောက်ခဲ့ပေမယ့်
ဒီရေအကျမှာ
ပြန်ပါသွားတဲ့
သဲပြတိုက် ဖြစ်သွားခဲ့တယ်။
ပြတ်သွားတဲ့ ကြိုးတစ်ချောင်းကို
အရင်လို ပြန်ဖြစ်မလား
မိုက်မိုက်မဲမဲ မျှော်လင့်ရင်း
ကြိုးစား ပြန်ဆက်ကြည့်ပေမယ့်
ဆက်ထုံးကြီးနဲ့ပဲလေ..
မပြတ်သားနိုင်တဲ့
သံယောဇဉ်တွေနဲ့
မကမ်းဝံ့ ကမ်းဝံ့
ကမ်းလင့်တဲ့ ငါ့လက်အစုံကို
နင် မမြင်နိုင်ခဲ့ဘူး...
နင့်ဘက်က လက်ဖဝါး
ငါ့ဘက်က လက်ဖမိုးဖြစ်နေတဲ့
အမှန်နှစ်ခုထိပ်တိုက်တွေ့တဲ့
ဒီပွဲမှာ
နင်လဲ ရှုံးတယ်
ငါလဲ ရှုံးတယ်။  ။

ခင်မင်လေးစားစွာဖြင့်

စောနန်းဒေဝီ

No comments:

Post a Comment