Friday 14 December 2012

ငါ...ကဗျာမရေးတော့ဘူး

ညနက်နက်
သန်းခေါင်ယံအချိန်တွေထဲမှာ
တိတ်တခိုး ရှိုက်မိတဲ့
ကျမျက်ရည်တွေကိုလည်း
ကဗျာအဖြစ်နဲ့
မကြေငြာတော့ဘူး....

ငါ့သွေးတွေထဲ
လှည့်ပတ်စီးဆင်းနေတဲ့
အလွမ်းတွေကိုလည်း
ကဗျာအဖြစ်နဲ့
စီးမျောခွင့် မပြုတော့ဘူး......

နင်
ရက်စက်ရက်တယ်ဆိုတဲ့အသိနဲ့

နာကြည်းမိတဲ့
မွန်းကြပ်မှုတွေကိုလည်း
ကဗျာအဖြစ်နဲ့
အသက်ရှုခွင့် မပေးတော့ဘူး

ဟိုး.............
အရင်က
ငါရေးခဲ့တဲ့ ကဗျာတွေထဲမှာ
သိုဝှက်ထားတဲ့
ငါ့အချစ်တွေလည်း ပါတယ်
နင့်ကိုလွမ်းတဲ့
အလွမ်းတွေလည်း ပါတယ်
နင့်ကြောင့်ကျတဲ့မျက်ရည်နဲ့
နာကျင်မှုတွေလည်း ပါတယ်
အချစ်ကြီးမိလို့ မယုံမကြည်ဖြစ်တဲ့
သံသယတွေလည်း ပါတယ်

ငါရေးတဲ့ကဗျာတွေ
နားမလည်တတ်တဲ့
နင့်ကိုမှ
မှားယွင်းစွာနဲ့
ငါ့ကဗျာတွေ ပေးဖတ်မိလေတယ်ဟာ

ဟုတ်တယ်
ငါ့နှလုံးသွေးနဲ့ ရေးတဲ့
ကဗျာတွေကို
နင်
နားမလည်နိုင်တဲ့အတူတူ
နောက်ကို ငါ......
ကဗျာ မရေးတော့ဘူး...

စောနန်းဒေဝီ

No comments:

Post a Comment